မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..

ဗုဒ္ဓဘာသာ၏ အမှတ်အသား (သို့) မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..
1.သမ္မာဒိဋ္ဌိ
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမူ မကောင်းမူကံတွေသည် ငါ၏သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင်အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏အကျိုးကို နားလည်သောဉာဏ်ဖြစ်ပါစေ၊ တစ်ခါတစ်ရံ၌ကား ရုပ်နာမ်နှစ်ရပ်ပေါင်းစပ်၍ လူဟုခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင်အောင် ဝိပဿနာဉာဏ်ဖြစ်ပါစေ။





2.သမ္မာသင်္ကပ္ပ
မိမိအတွက်ဖြစ်စေ, သူတစ်ပါးအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ၊ သူတစ်ပါးတို့ ပျက်စီးသွားမည့်အကြံ, ဆင်းရဲသွားမည့်အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာကရုဏာထား၍ သနားပါ, စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား “လူ့လုပ်ငန်းကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်”ဟု ကြံပါ။

3.သမ္မာဝါစာ
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက်အချော် အပြောင်အလှောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနူတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။

4.သမ္မာကမ္မန္တ
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မူ, ခိုးမူစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမူများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ်ပြုမိပါစေ။

5.သမ္မာအာဇီ၀
မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေးဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။

6.သမ္မာဝါယာမ
စီးပွားရှာရာဖြစ်စေ, ကုသိုလ်ကိစ္စ၌ဖြစ်စေ, ဝီရိယအမြဲရှိပါစေ, လောကီစီးပွားရေးဖြစ်စေ, သံသရာကြီးပွားရေးဖြစ်စေ, မဂ်ဖိုလ်နိဗ္ဗာန်ရဖို့အရေးဖြစ်စေ “အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်”ဟု ကံတစ်ခုကိုအားကိုးလို့ ရနိုင်ရိုး မရှိပါ၊ ရေလာမြောင်းပေးဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။

7.သမ္မာသတိ
နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲ သတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချရပါတော့မည်။

8.သမ္မာသမာဓိ
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နူတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ၊ မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက်တည်ကြည်နေလျှင် မြင်သူလူအများက ခန့်ညားကြည်ညိုလျက် မျက်နှာအနေ မတင်းသည့်အတွက်လည်း တစ်မျိုးကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း