ပျူစောထီးမင်း
ပျူစောထီးမင်း
ရှေးသရောအခါ ပုဂံပြည်တွင် သမုဒ္ဒရာဇ်မင်း လက်ထက်၌ ငှက်ကြီး ၊ ဝက်ကြီး ၊ ကျားကြီး ၊ ရှူးပျံ တို့သည် ပြည်ရွာကို နှောက်ယှက် မင်းလူလေ၏။ ထိုရန်သူတို့ကို စွမ်းအားသတ္တိနှင့် ပြည့်စုံသော ပျူစောထီးက ဖြိုဖျက်လိုက်လေသည်။ (သမုဒ္ဒရာဇ်မင်းမှာ သာသနာ ၆၇၁ မှ ၆၉၆ ခုအထိ အုပ်စိုးသည် ဆိုသည်)
ပျူစောထီးမင်းကား အထက် တကောင်းမင်းမျိုး ၊ သတိုး အာဒိစ္စရာဇာ မည်သော မင်း၏သားတည်း။ ပြည်ရွာမငြိမ်သက် ဖြစ်သဖြင့် ပြေးပုန်းရှောင်လွဲနေရာမှ ပုဂံပြည်ဆီသို့ ရောက်ရှိ၊ ပုဂံအနီး မြေခဲတွင်း ရွာနေ ပျူအိုလင်မယားထံတွင် မှီခိုနေလေ၏။ ပျူအိုလင်မယား ကလည်း သားသမီး မရှိသည်နှင့် သားအရင်းကဲ့သို့ မွေးကျွေးထား၏။ ပျူစောထီးသည် လေးအတတ်ကို ခုနစ်နှစ်သားလောက်ကပင် တတ်မြောက်ခဲ့၏။ ယခု ၁၆ နှစ်သား အရွယ်၌ကား အလွန်အကျူး အထူးတတ်မြောက်လေသည်။ တစ်ခါသော် ပျူစောထီးသည် မိမိ၏ လေးမြားကို စမ်းလို၍ တောသို့လှည့်ပတ်အံ့ဟု ပျူအို လင်မယားထံ၌ ခွင့်တောင်းလေရာ ၎င်းတို့ကလည်း ချစ်ခင်စိုးရိမ်စွာဖြင့် ဤသို့ ဆိုကြ၏။
" ချစ်သား ပုဂံပြည်တွင် အရှေ့မျက်နှာအရပ်၌ အလွန် အားအင်ကြီးသော ဝက်ကြီး တစ်ကောင်သည် အရံဝက်များနှင့် ပြည်ရွာတွင်းသို့ ဝင်ရောက်ကာ လူတို့ စိုက်ပျိုးထားသော အသီးအနှံ စပါးဆန်တို့ကို တူးဆွဖျက်ဆီး စားသောက် နှောက်ယှက်၏။ လူတို့ကိုလည်း ရန်မူ၏။ မင်းကြီး မနိုင်နိုင်၍ ထမင်း ၊ ဖရုံသီး ၊ ဖွဲနုတို့ကို ထိုဝက်ကြီးတို့အား နေ့တိုင်း ပေးရ ကျွေးရ၏။ "
" အနောက်မျက်နှာ၌ အလွန်ကြီးမားသော ငှက်ကြီးတစ်ကောင်သည် အရံငှက်များနှင့် အလွန် သောင်းကျန်းနေ၏။ တစ်ခါတစ်ရံ လူများကိုပင် ထိုးသုတ်ပေါက်သတ် စားလေသည်။ ဤငှက်ကြီးကိုလည်း မင်းကြီးမနိုင်၍ အစားအစာ ပေး၍ ကျွေးနေရ၏။ "
" တောင်မျက်နှာ၌ ကျားကြီးတစ်ကောင်သည် အရံကျားများနှင့် အစဉ်မပြတ်လိုပင် ပြည်ရွာတွင်းသို့ ဝင်၍ လူသူ ကျွဲနွားတို့ကို ကိုက်ယူ စားသောက်လေသည်။ ဤရန်သူကိုလည်း မင်းကြီးမနိုင်လေ။ "
" မြောက်မျက်နှာ၌ ရှူးပျံတို့သည် လူတို့၏ အဝတ်အစား ၊ အသုံးအဆောင် ၊ အိမ်မိုးသက်ငယ်မှ မကျန် တွေ့သမျှကို ကိုက်ဖဲ့ ဖျက်ဆီးတတ်၏။ " " ဤရန်သူကြီး လေးဦးအပြင် အနှောင့်အယှက် တစ်ခုရှိသေး၏။ ငါတို့ပုဂံပြည် တစ်ဝန်း၌ ဘူးခါးပင်တို့သည် ဖျက်ဆီး၍ မနိုင်အောင် ပေါက်၏။ အနွယ်အတက်တို့မှာ အလွန်လျင်မြန်စွာ ပွား၏။ တစ်ပင်တစ်နွယ်ကို ဖျက်လျှင် နှစ်ပင်နှစ်နွယ် ဖြစ်လာ၍ တစ်ညွန့်ကို ဖျက်လျှင် နှစ်ညွန့်ဖြစ်လာ၏။ လူသူ မနေနိုင်လောက်အောင် ၊ အသီးအနှံ မစိုက်ပျိုးနိုင်လောက်အောင် အနှောင့်အယှက် ဖြစ်နေ၏။ "
" ဤသို့လျှင် ဝက် ၊ ငှက် ၊ ကျား ၊ ရှူးပျံ ၊ ဘူး တည်းဟူသော ရန်သူအနှောင့်အယှက်တို ငါတို့ ပုဂံပြည်ကို နှိပ်စက်နေသည်မှာ ယခု ၁၂ နှစ်တိုင်တိုင် ရှိလေပြီ။ ချစ်သား သတိနှင့်သွားပါ ၊ ငါတို့စိုးရိမ်၏ " ဟု ဆိုကြ၏။
ပျူစောထီးကား မိမိ၏အစွမ်း လေးမြားကို အားကိုး၍ ထိုရန်သူများ ရှိရာသို့ပင် သွားရောက်လေ၏။ ရှေးဦးစွာ ဝက်ကြီးကို တွေ့လေလျှင် ဝက်ကြီးသည် မာန်ဖီ၍ အမွေးအမှင် ထောင်လျက် ပုတ်လောက်ကြီးသော ကျောက်တုံး မြေတုံးတို့ကို တူးဖော်ကာ သစ်ပင်ကြီးငယ်တို့ကို ထိုးကြိတ် ဖြိုလှဲပြီးလျှင် မင်းသားကို ထိုးပက် ရန် ပြေးလာလေ၏။ မင်းသားက လေးဖြင့် ပစ်လိုက်ရာ မြားထိ၍ ဝက်ကြီး သေလေသည်။
ဝက်ကြီးသေပြီးနောက် သုံးရက်ကြာသောအခါ ပျူစောထီးသည် ငှက်ကြီးရှိရာသို့ လာခဲ့၏။ မင်းကြီးထံမှ ငှက်စာပို့ရသော ငှက်စာဆော် ငကော် သည် မိန်းမပျို ခုနစ်ယောက်နှင့် ငှက်စာပို့ရန် လာသည်ကို ပျူစောထီး တွေ့သောအခါ " ငှက်စာမပို့နှင့် ၊ ငှက်ကြီးကို ငါ သတ်မည် " ဟုပြောကာ ထိုမိန်းမပျို ခုနစ်ယောက်ကိုလည်း သိမ်းယူလိုက်လေ၏။
ငှက်ကြီးသည်လည်း လက်ပံပင်ကြီး သုံးပင်တွင် အလယ်ပင်၌ နား၍ ဘေးနှစ်ပင်တွင် အတောင် တင်ထား၏။ မင်းသားကို မြင်သော် အစာလည်း မစားရသည်နှင့် ပြင်းစွာအမျက်ထွက်၍ အစွမ်းသတ္တိ အမျိုးမျိုး ပြပြီးသော် မင်းသားကို ပေါက်လိုက်၏။ မင်းသားလည်း လေးကို ထောက်၍ နောက်သို့ ခုန်လိုက်သည်မှာ အတောင် ၇၀ မျှ ရောက်လေ၏။ လူကိုမထိဘဲ မြေကို ပေါက်မိ၍ နှုတ်သီးတွင် ပါလာသော မြေကြီးကို ထွေးအန်ပစ်ရာ တောင်ငယ်မျှ ရှိနေသည်ကို ယခုတိုင် ' ငှက်အန်တောင် ' ဟုခေါ်ကြသည်။ မင်းသားကား ကြောက်လန့်ခြင်း မရှိဘဲ ကြုံးဝါးပြီးလျှင် လေးနှင့်ပစ်လိုက်ရာ ငှက်ကြီးကို ထိမှန်၍ ငှက်ကြီးစင်းစင်း သေလေ၏။
ငှက်တောင်တချောင်းကို နုတ်၍ မိန်းမပျို ခုနစ်ယောက်အား ရွက်စေရာ အနိုင်နိုင်ပင် ရွက်ရလေသည်။ ပြီးမှ " သင်တို့ မင်းကြီးအား သွား၍ ဆက်ချေ " ဟု စေလိုက်၏။
မိန်းမပျိုတို့လည်း လမ်းတွင် ငှက်တောင်လေး၍ မရွက်နိုင်သဖြင့် ပစ်ခဲ့လေ၏။ ထိုအရပ်ကို ' ငှက်တောင်ပစ် ' ဟူ၍ လည်းကောင်း ၊ ငှက်ကြီးကို ပစ်သတ်သောနေရာကို ' ငှက်ပစ်တောင် ' ဟူ၍ လည်းကောင်း ယခုတိုင် ခေါ်ကြလေသည်။
၁၃ နှစ်တိုင်တိုင် နှောင့်ယှက် နှိပ်စက်နေကြသော ရန်သူတို့ သေလေပြီ ဖြစ်ကြောင်း မိန်းမပျိုတို့ လျှောက်၍ မင်းကြီး ကြားရသော် အလွန်နှစ်သက်ဝမ်းမြောက်၍ စစ်သည် ဗိုလ်ပါနှင့်တကွ ပျူစောထီးရှိရာသို့ လာရောက်လေ၏။ တွေ့ရမှ " အဘယ် အမျိုးအနွယ် ဖြစ်သနည်း ၊ အဘယ်လက်နက်ဖြင့် သတ်သနည်း " ဟု မေးတော်မူသော် ဟုတ်တိုင်းကို လျှောက်ပေ၏။
မင်းကြီးကလည်း အမျိုးအရိုး ဘုန်းလက်ရုံးနှင့် ပြည့်စုံသည် ဖြစ်ပေသည်ဟု သမီးတော် စန္ဒာဒေဝီနှင့် ထိမ်းမြား၍ အိမ်ရှေ့မင်း အရာကို ပေးတော်မူ၏။ နောက်သော် ပျူစောထီး မင်း ဖြစ်၏။
ဤပျူစောထီးမင်းသည် အရပ် ငါးတောင် ၊ လုံးပတ် သုံးတောင်မျှ ရှိ၍ အားအင်ကြီးမား သန်စွမ်းလေသည်။ ထိုသို့ ကျန်းမာလေ သဖြင့်လည်း အသက် ၁၁၀ ရှည်လေသည် အလွန်ထူးမြတ်သော ပုဂံမင်းတစ်ပါး ဖြစ်လေသတည်း။
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)

Comments
Post a Comment