" အဘိဓမ္မာ မသင်ရင်​ တရားတု တရား​ယောင်​​တွေဖြင့် အလိမ်ခံရလိမ့်မယ်​ "

" အဘိဓမ္မာ မသင်ရင်​
တရားတု တရား​ယောင်​​တွေဖြင့်
အလိမ်ခံရလိမ့်မယ်​ "

အလိမ်ခံဘဝမှ လွတ်မြောက်ဖို့ အဘိဓမ္မာသင်ယူစို့ ...
*************************************

"အဘိဓမ္မာ"ကို "သင်ယူခြင်း"အားဖြင့်
နောက်ဆုံးမှာ "သမ္မာဒိဋ္ဌိဉာဏ်" ရင့်သန်
အမှန်မြင်လာတယ်။
ကိုယ့်ဘ၀ ကိုယ် သိလာတယ်။

ကိုယ့်ရဲ့ဘ၀ အခြေအနေ တွေကို
ကောင်းကောင်းသိလာတယ်။
ကိုယ်သွားနေတဲ့ လမ်းကြောင်းကိုလည်းပဲ
ရှင်းရှင်းကြီး မြင်လာစေတယ်။





အဲဒီတော့
"အဘိဓမ္မာ သင်ခြင်းကျိုးကျေးဇူး"က
အင်မတန်မှ ကြီးမားပါတယ်။

တချို့က "စောဒက"တက်တာ ရှိသေးတယ်။
"အဘိဓမ္မာ မသင်ဘဲနဲ့ရော
သောတာပန် မဖြစ်နိုင်ဘူးလား?"
ဆိုတဲ့မေးခွန်းတွေ မေးသေးတယ်။

အဲဒီမေးခွန်းကျတော့-
"ဘယ်လိုဖြေသင့်သလဲ?"ဆိုရင် -
"အဘိဓမ္မာ"ဆိုတာ ဘာပြောတာလဲ?။
"အဘိဓမ္မာ ခုနှစ်ကျမ်း"ကိုပြောတာလား?။

"အဘိဓမ္မာ ခုနှစ်ကျမ်း" မသင်ဘဲနဲ့တော့
"သောတာပန်"ဖြစ်နိုင်တယ်။

သို့သော်,
"အဘိဓမ္မ"ဆိုတဲ့
"ရုပ်တရား, နာမ်တရား" မသိဘဲနဲ့တော့
"သောတာပန် မဖြစ်နိုင်ဘူး"လို့ပဲ ဖြေရမယ်။

"ရုပ်, နာမ်အကြောင်း"မှ မသိရင်
"သောတာပန်" မဖြစ်နိုင်ဘူးလေ။

အဲဒီတော့
"သောတာပန် ဖြစ်တယ်"ဆိုတာက-
"နာမရူပ ပရိစ္ဆေဒဉာဏ်"က စတာ။
-"နာမရူပ ပရိစ္ဆေဒဉာဏ်"
"ရုပ်"နဲ့"နာမ်" ကွဲသွားမယ်။

ဒါဖြင့် -
"ခုနှစ်နှစ်သမီးလေး "ဝိသာခါ"
-သောတာပန်-ဖြစ်တာ
ရုပ်,နာမ် ကွဲရဲ့လား?"-ဆိုရင် ကွဲတာပေါ့။

"မြတ်စွာဘုရား" ဟောနေတဲ့
"သစ္စာလေးပါး"ကို နာလိုက်တာနဲ့
သူဟာသိတယ်။

"အဘိဓမ္မာ"မှာ သင်ထားတဲ့
"ရုပ်"တွေ"နာမ်"တွေ အကုန်လုံး -
-ဥပမာ
-"စိတ်"က (၈၉) ရှိတယ်။
-"စေတသိက်"က (၅၂) ရှိတယ်။
-"ရုပ်"က (၂၈) ရှိတယ်-လို့
ဒီလို"သိတာ"ကို ပြောတာမဟုတ်ဘူး။

"အဘိဓမ္မ"လို့ ပြောလိုက်ကတည်းက
"သိသင့် သိထိုက်တာလေး"ကို သူသိသွားပြီ။

ဆိုပါစို့ -
"ခန္ဓာငါးပါးသိတယ်"ဆိုလို့ရှိရင်-
ကိုယ့်"ခန္ဓာ"ထဲမှာကြည့် -
-"ဝေဒနာ"ကို သိတယ်။
-"သညာ"ဖြစ်တာကို သိတယ်။
-"သင်္ခါရ"တွေဖြစ်တာ သိတယ်။
-"ဝိညာဏ"ဖြစ်တာ သိတယ်။

-"နာမ်"ကို သိတာပဲလေ
-"ဝေဒနာ"တစ်ခုသိတာနဲ့လည်း
"နိဗ္ဗာန်"ရတာပဲ။
-"ဝေဒနာ"နဲ့ဆက်စပ်ပြီး
"ရုပ်"ကိုလည်းသိတယ်၊ ဟုတ်လား။

"ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်"တွေကျတော့-
"ခန္ဓာငါးပါး"ခေါ်လိုက်တာနဲ့
"ရုပ်နဲ့နာမ်"ကွဲပြီးတော့ ထူးခြားတဲ့
အမြင်တခု ရတာပဲ။

အဲဒီတော့ -
"သောတာပန် ဖြစ်ဖို့
အဘိဓမ္မာ သင်သင့်သလား?"၊
"အဘိဓမ္မာ မသင်ဘဲနဲ့
သောတာပန် မဖြစ်ဘူးလား?"၊
-"အဘိဓမ္မာ"ဆိုတာ ဘာပြောတာလဲ?၊
-"အဘိဓမ္မာခုနှစ်ကျမ်း" ပြောတာလား?၊
-လေးနက်တဲ့ "ရုပ်နဲ့နာမ်"ကို ပြောတာလား?၊

လေးနက်တဲ့
"ရုပ်အကြောင်း, နာမ်အကြောင်း"
မသိဘဲနဲ့တော့
"သောတာပန်" မဖြစ်ဘူး။

"အဘိဓမ္မာခုနှစ်ကျမ်း" မသင်ဖူးဘဲနဲ့
-"ရဟန္တာ"၊
-"သောတာပန်" မဖြစ်နိုင်ဘူးလား?"
-ဆို ဖြစ်နိုင်တယ်-ဒါကတော့။

"ဥပမာ"တစ်ခုပြောပြမယ်။
"ကား"မောင်းတာပဲ ကြည့်ပေါ့၊
"ကားရဲ့အင်္ဂါအစိတ်အပိုင်း"-
-"အင်ဂျင်"က ဘာတွေလုပ်တယ်၊
-"ဓာတ်ဆီ"ကဘာတွေလုပ်တယ်၊
-ကားရဲ့အကြောင်းကို အသေးစိတ်
မသိဘဲနှင့် ကိုယ်ကိုယ်တိုင် ကားမောင်းပြီး
သွားလို့ရ/မရ ဆင်ခြင် စဉ်းစားကြည့်၊

-"ကား"အကြောင်းမသိဘူး
-"ဘာတွေနဲ့လုပ်ထားတယ်"ဆိုတာ မသိဘူး။
-"ကားရဲ့အင်ဂျင်"တွေက
ဘယ်လိုအလုပ်လုပ်တယ်၊
-"ဓာတ်ဆီ"က ဘယ်လိုလုပ်တယ်ဆိုတာ
မသိချင်နေပါစေ၊
အနည်းဆုံးတော့
"ကားမောင်းပြီးသွားချင်တယ်"ဆိုရင်
"ကား ဘယ်လိုမောင်းရမလဲ?"
ဆိုတာတော့ သိရမယ်။
"ကားကို ဘယ်လိုမောင်းရမယ်"-ဆိုတာ
သိရင်"ကား"နဲ့သွားလို့ရပြီ။

အခု"ကားမောင်းနေသူ"တွေကို
"မေးကြည့်"-ပေါ့။
"ပျက်"လို့ရှိရင် ဘာဖြစ်မှန်းမသိဘူး၊
"Workshop" သွားပြီးတော့ ပြင်ရတယ်။
"How to drive" တော့သိတယ်၊
အဲဒီ "How to drive" သိတာဟာ-
"ရုပ်,နာမ်"-သိတာပဲ။

အဲဒီ"သောတာပန်" ဖြစ်ဖို့အတွက်
"ရုပ်နဲ့နာမ်" ကိုတော့ သိဖို့လိုတာပေါ့။
အဲဒီတော့ "အဘိဓမ္မာသင်တယ်"
-ဆိုတဲ့ နေရာမှာ
"အဘိဓမ္မာကျမ်း"တွေ သင်တာဟာလည်းပဲ
"ရုပ်နှင့်နာမ်"-ကို အသေးစိတ်သင်တာပဲ။

"ရုပ်အကြောင်း၊ နာမ်အကြောင်း"ကို
"သင်"တာလည်း
"အဘိဓမ္မာ သင်တာပဲ"လို့
ခွဲခွဲခြားခြား သိဖို့လိုတယ်။

"အဘိဓမ္မာ"-သင်တာဟာ
"သမ္မာဒိဋ္ဌိဉာဏ်"ကို
"ရင့်သန်စေနိုင်တယ်"-ဆိုတာ,
-"အဘိဓမ္မာကျမ်း" ပဲသင်သင်၊
-"အဘိဓမ္မာ ရုပ်နာမ် သဘာ၀"ကိုပဲ သင်သင်၊
-ဘယ်ဟာပဲ သင်သင်
-သင်တာဟာ "သမ္မာဒိဋ္ဌိဉာဏ်"ကို
ရင့်သန်စေနိုင်တယ်။

ဒီတော့ ဒါမသင်ဘဲနဲ့ လုံးဝမသိဘဲနဲ့-
ဆိုပါစို့-
"ကား ဘယ်လိုမောင်းရမယ်"ဆိုတာ
မသိဘဲနဲ့ တက်မောင်းရင်တော့
ဟိုတိုက်ဒီတိုက် တိုက်မှာပဲ။

အဲဒီတော့ -
"အဘိဓမ္မာ" မသင်ဘဲနဲ့
"ရုပ်တရား,နာမ်တရားအကြောင်း"
ကောင်းကောင်းမသိဘဲနဲ့
"တရားအားထုတ်"လို့ရှိရင် ဘာဖြစ်နိုင်လဲ?။
ဟိုတိုက်, ဒီတိုက် တိုက်မှာပေါ့၊ ဒါပဲပေါ့။

"ရုပ်"မှန်းမသိ၊"နာမ်"မှန်းမသိ၊
ကိုယ့်"သန္တာန်မှာ ဝင်လာတဲ့
စိတ်"ထဲ"ဝင်လာတဲ့ အာရုံ"တွေကို
-ဒီ"အာရုံ"က
-"ပညတ်"မှန်း မသိ၊
-"ပရမတ်"မှန်း မသိ၊
-"သမထ၊ ဝိပဿနာ မကွဲ"
အဲဒီလိုတွေ ဖြစ်ကုန်မှာပေါ့။

"သမထအာရုံ"ဆိုတာ "ပညတ်"၊
အဲဒီ"ပညတ်"တွေကို ရှုနေပြီးတော့
"ပရမတ်"လို့ သွားထင်နေလို့ရှိရင်-

-ကိုယ်လုပ်နေတာက "သမထ"၊
-ထင်နေတာက "ဝိပဿနာ"။
ဒီလိုသွားဖြစ်မယ်။ တလွဲဖြစ်နေပြီပေါ့။

အဲဒီကတည်းက၊
"ကားမောင်းမသင်"ဘဲနဲ့
"ကားမောင်း"လို့ရှိရင် လွဲမှာပဲလေ
ဒါကတော့၊
ဟိုတိုက်-ဒီတိုက်တိုက်မှာပဲ ဒီလိုဖြစ်တာ။

အဲဒါကြောင့်မို့-
"အဘိဓမ္မာ"ဆိုတာ သင်ရတယ်
-"How to understand"ပေါ့။
-"ရုပ်နှင့်နာမ်"ကို ဘယ်လိုသိရမလဲ?၊
-"ရုပ်"ဆို တာ ဘယ်ဟာလဲ?
-"နာမ်"ဆိုတာ ဘယ်ဟာလဲ?
-ဆိုတာလေး အသေးစိတ် သိဖို့လိုတယ်ပေါ့။

အဲဒီ"သင်ယူခြင်း"ဟာ
"အဘိဓမ္မာကို သင်ယူခြင်း"ပဲဖြစ်တယ်။
ဒီလိုဆိုတာနော့်။

အဲဒါကြောင့်မို့
-"အဘိဓမ္မာ ခုနှစ်ကျမ်း"မှာလည်း
ဖေါ်ပြရင် ဘာအကြောင်းတွေပြောလဲ?
-"စိတ်"အကြောင်း၊
-"စေတသိက်"အကြောင်း၊
-"ရုပ်"အကြောင်း၊
-"နိဗ္ဗာန်"အကြောင်း တွေပြောတယ်။

ဒီ"လေးနက်တဲ့
တရားဓမ္မတွေအကြောင်း"ကို
ပြောတာချည်းပဲ အကုန်လုံး။

အဲဒါကြောင့်မို့
-"ဆက်စပ်လို့ ကြည့်မယ်"ဆိုရင်,
"အဘိဓမ္မာ သင်မှ "သမ္မာဒိဋ္ဌိဉာဏ်"ဟာ
ပိုပြီးတော့ ရင့်သန်နိုင်တယ်"-ဆိုတာ
ဒါအသေအချာပဲ။

"အဘိဓမ္မာ"မတတ်ဘဲ ,
"အဘိဓမ္မာ" မသိဘဲ,
"တရားအားထုတ်"လို့ရှိရင်-
"ကားမမောင်းတတ်ဘဲ
ကားမောင်းတဲ့လူ"နဲ့ သွားတူတယ်။

အဲဒီမှာ "ကားမောင်းတဲ့လူ"ကိုလည်းပဲ
နှစ်ယောက် (နှိုင်းယှဉ်) ကြည့်ထား၊
"နည်းနည်းပါးပါး ကားမောင်းနည်း"ကို
"သိတဲ့ပုဂ္ဂိုလ်"က သွားလို့ရတယ်၊
"ကား"မောင်းလို့ရပြီ။

သို့သော်,
"ကား တစ်စုံတစ်ခုဖောက်ပြီ"ဆိုလို့ရှိရင်
ဘာ ဖောက်မှန်း မသိတော့ဘူး။

တခါတုန်း က
"ဘုန်းကြီး"တို့ "ကား"နဲ့ခရီးသွားတာ
"ကား"က "လီဗာနင်း"လို့ ရှေ့မတက်ဘူး။

"ကားမောင်းတဲ့သူ"က
"ဘယ်လိုမောင်းရမယ်"ဆိုတာလောက်ပဲ
သိတယ်။
ဘာဖြစ်မှန်းမသိတော့,
ဘာမှ မလုပ်တတ်ဘူး။
ဘာမှ မလုပ်တတ်တော့
"ဝပ်ရှော့ဆရာ"ဆီ သွားတဲ့အခါကျတော့
"ကား"က ဘာမှဖြစ်တာမဟုတ်ဘူး
"Filter ဂျီးဆို့"တာ၊
"နားလည်တဲ့သူ"ကျတော့ "Filter" လေး
ဆေးပြီး ပြန်တပ်ပေးလိုက်တော့ ပြီးရော၊
မလွယ်ဘူးလား။

အဲဒီလိုပဲ -
"How to drive" လောက်ပဲ သိပြီး
"ကား" မောင်းလို့ရှိရင်တော့ -ဘာဖြစ်လို့,
ဘာဖြစ်မှန်း မသိတော့ ရပ်တန့်သွားမှာပေါ့။

အဲဒီတော့ -
-"အဘိဓမ္မာ" မသင်ဘဲနှင့်
-"လေးနက်တဲ့တရား"တွေ
အလေးအနက် မသင်ဘဲနဲ့
"တရားအားထုတ်"လို့ရှိရင်
"ဂျီးဆို့"တာနဲ့ တွေ့ရင်သွားပြီပေါ့
အဲဒါကြောင့် ဒီလို ဆိုလိုတာနော့်။

အဲဒီတော့
ကိုယ့်ဟာကိုယ်လည်း မရှင်းနိုင်တော့ဘူး၊
"သင်ထားတဲ့ပုဂ္ဂိုလ်"ကျတော့ ရှင်းနိုင်တယ်။

ငယ်ငယ်တုန်းက ကြားရတယ်၊
အသံတွေထွက်လာတယ်၊
-"တရားအားထုတ်တာ စာတတ်ဖို့မလိုဘူး၊
စာတတ်လို့ရှိရင် စာခံတယ်"-တဲ့။
ဟုတ်တာပေါ့။

"စာတတ်လို့ စာခံနေရင်တော့
ရှေ့မတက်ဘူး"-လို့ သူတို့ဆိုလိုတာပေါ့။

"စာတတ်"လို့ "စာခံ"တာက
တော်သေးတယ်၊
"စာမတတ်"လို့ "အလိမ်ခံ"ရတာက
ပိုဆိုးတာပေါ့။

"စာတတ်လို့ စာခံတယ်"ဆိုရင် ထားပါတော့။
"မာနကြီးတဲ့ပုဂ္ဂိုလ်"-"စာခံ"ချင် ခံမှာပေါ့နော့်။
ဒါပေမယ့် "မာန"ကသာ ခံလို့ရတာလေ။

အဲဒီတော့-
"စာမတတ်"လို့ "အလိမ်"ခံရရင်တော့
သွားပြီပေါ့၊ -"သောတာပန်"မဟုတ်ဘဲနဲ့
"သောတာပန်"လို့ ပြောတာကို
အဟုတ်ထင်၊
-"တရားထူး တရားမြတ်"မရဘဲနဲ့
"ရတယ်"-လို့ အဟုတ်ထင်နေရင် -
ဒါအလိမ်ခံရတာပဲ။

-"ပစ္စည်းအလိမ်ခံ"ရတာက "တစ်ဘ၀"၊
-"တရားဓမ္မ"နဲ့ "အလိမ်ခံ"ရတာ
"တစ်သံတရာလုံး ရှုုံး"နိုင်တယ်။

ဒါကြောင့်မို့ "ဘုန်းကြီး"က
ဆိုချင်တာကတော့,
"အဘိဓမ္မာ သင်ယူခြင်း"သည်
"သမ္မာဒိဋ္ဌိဉာဏ်" ကို ရင့်သန်စေတယ်၊

ဒါကြောင့်မို့ -
"အဘိဓမ္မာကို သင်ရမယ်"။
ဒီလိုဆိုချင်တယ်။ သင်သင့်တယ်၊
အလိမ်မခံရအောင် သင်ရမယ်။

"သမိုင်း"နဲ့ပတ်သက်ပြီး
"မြန်မာပြည်"မှာ ထင်ရှားတဲ့
"သမိုင်းဆရာကြီးတစ်ယောက်"
(ဒေါက်တာသန်းထွန်း) က ပြောတယ်။

"သမိုင်း ကို ဘာလို့ သင်သင့်တာတုန်း"
-ဆိုတော့
"မ အ အောင်လို့"-တဲ့၊
"သမိုင်း"မသိရင် "အ"-တယ် ပေါ့နော့်။
"သမိုင်း"သင်တာ မ အ -အောင်။

အဲဒီတော့ "အဘိဓမ္မာ"သင်တာဟာ
"အလိမ်"မခံရအောင် သင်တာ၊
ဒီလိုပြောရမှာပဲ။
"အဘိဓမ္မာ" မတတ်လို့ရှိရင်
"အလိမ်" ခံရလိမ့်မယ်။

"အလိမ်ခံရတယ်"ဆိုတာ-
-"တရားထူးတရားမြတ်"မဟုတ်ဘဲနဲ့
"တရား"လို့၊ ကိုယ်သိတဲ့"တရား"က
"တရားစစ်,တရားမှန်"လည်းမဟုတ်ဘဲနဲ့
"အဘိဓမ္မာ မတတ်တဲ့ပုဂ္ဂိုလ်"ဟာ
"အလိမ်"ခံလိုက်ရတယ်။

-"သောတာပန်"၊
-"သကဒါဂါမ်"၊
-"အနာဂါမ်"၊
-"ရဟန္တာ" မဖြစ်ဘဲ ဖြစ်ပြီ-လို့
"အလိမ်"ခံလိုက်ရမယ်။ သွားပြီ။

အဲဒီ"အလိမ်"ခံလိုက်ရရင်
"ပစ္စည်းလိမ်"သွားတာ ပြန်ရှာလို့ရသေးတယ်၊
ဒီ"အလိမ်"ကြီး မိသွားရင်တော့
"သံသရာ"မှာ
ဒါ"မိစ္ဆာဘ၀"က "မိစ္ဆာဒိဋ္ဌိ"ဖြစ်သွားပြီ။

မဟုတ်တာကို အဟုတ်ထင်နေရင်
ပိုပြီးတော့ဆိုးတယ်၊
"တရားထူး,တရားမြတ်"ရနိုင်တဲ့
အနေအထားရှိတာ-မရ(တော့) ဘူး။
အဲလိုအလိမ်အညာနဲ့ မိနေလို့။

"ရနိုင်တဲ့ အခွင့်အရေး"ဆိုတာ
အမြဲတမ်း ရှိတာမဟုတ်ဘူး။

လူဆိုတာ ကြည့်လေ-
"နိယာမတရားငါးပါး"ဆိုတာ
-ကျန်းမာဖို့တို့
-ရိုးသားဖြောင့်မတ်မှုတို့ ,
ဒါတွေရှိမှ
"တရားထူးတရားမြတ်"ဆိုတာ ရနိုင်တာ။
"မကျန်းမာ"တဲ့အခါကျတော့
ရဖို့ခက်သွားပြီလေ။

အဲဒါကြောင့်မို့ -
"အဘိဓမ္မာ" (အရပ်စကားနဲ့
ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင်)
"အဘိဓမ္မာသင်ယူခြင်း"သည်-
"သမ္မာဒိဋ္ဌိဉာဏ်"ကို ရင့်သန်လာစေတယ်၊
"ရင့်သန်စေနိုင်"လို့ ဒီလိုပြောတာ၊
ပိုပြီးတော့ ထင်ရှားတဲ့စကားလုံးနဲ့
ပြောရင်တော့နော့် ။

-"အဘိဓမ္မာ သင်ယူခြင်း"သည် -
"အလိမ် ခံရခြင်း" မှ
လွတ်မြောက်နိုင်သည်"-ပေါ့။
-"တရားဓမ္မ"နဲ့ ပတ်သက်ပြီး-
"အလိမ်ခံရခြင်း"မှ
လွတ်မြှောက်နိုင်သည်"-ပေါ့။

အဲဒီတော့-
"တရားဓမ္မ"နဲ့ ပတ်သက်ပြီးတော့
"အလိမ်"ခံရတဲ့သူ မရှိဘူးလား?၊
"အများကြီးရှိတယ်"။သတိထား။

တရားတု၊ တရားယောင်တွေနဲ့
အလိမ်ခံနေရတယ်။
အဲဒီအလိမ်ထဲ ဝင်သွားလို့ရှိရင်တော့
ပိုဆိုးသွားလိမ့်မယ်။

ဒါကြောင့်မို့လို့ -
"ဗုဒ္ဓမြတ်စွာ"ရဲ့ ဟောကြားတဲ့
"တရား"တွေဟာ အထင်အရှား
ရှိနေပါသေးတယ်။

မိမိကိုယ်တိုင် ကြိုးစား လို့
ဖြစ်နိုင်ပါရဲ့သား နဲ့
မသိဘဲနဲ့ သူများ ပြောတာလေးလောက်နဲ့
"ကျေနပ်နေရတဲ့ဘ၀"ဆိုတာ
ဘယ်ကောင်းမလဲ။
ကိုယ်ကိုယ်တိုင် သိအောင်ကြိုးစားရမယ်။

ဒါကြောင့်မို့-
"တရားဓမ္မ"နဲ့ ပတ်သက်ပြီး
"အလိမ်"မခံရအောင် -
"အဘိဓမ္မာ"ကို သင်ပါ"-လို့
"သမ္မာဒိဋ္ဌိဉာဏ်"ရင့်သန်စေဖို့အတွက်,
-"အဘိဓမ္မာ"ကို သင်ပါ"-လို့
ဒီလိုပြောချင်တာပါ။

"ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ"

မှီခိုရာ ကျမ်းကိုး-

("ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ"၏

"တရားတော်များ မှ")

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..