❝ စိတ်ကိုပြင်သင့်သော အကြောင်းများ ❞

🔺❝ စိတ်ကိုပြင်သင့်သော အကြောင်းများ ❞

မိမိစိတ်နေစိတ်ထားကို ကောင်းအောင်ပြုပြင်ဖို.ရာ
အကြောင်းများစွာ ရှိပေသည်။

မိမိစိတ်ထား မကောင်းသေးသောအချက်၊
ယုတ်မာနေသောအချက်များကို မိမိသာအသိဆုံးဖြစ်၏။

ထိုကဲ့သို. စိတ်ယုတ်မာရှိနေသော သူသည်
လောကီဂုဏ်အတွက် အထက်တန်း၌
ရောက်နေသော်လည်း စိတ်အနေအားဖြင့်
အောက်တန်းသမားပင် ဖြစ်သေး၏။





စိတ်နေစိတ်ထား အောက်တန်းစား ဖြစ်နေသော
ဂုဏ်ကြီးရှင်သော်လည်း နောက်နောင်ဘဝတို.၌
အောက်ကျနောက်ကျ ဖြစ်ရတော့လတံ့။

ထိုကဲ့သို.တန်းလျှောရမည့်အရေးကို
တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား
ကြီးမားမြင့်မြတ်အောင်ပြုပြင်ထိုက်ပေသည်။

စိတ်ဆိုးစိတ်ယုတ်ရှိသူသည်
ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိူင်၊
မိတ်ဆွေချင်း ညီအစ်ကို မောင်နှမသားချင်း၊
သမီးခင်ပွန်းချင်း၊ ဆရာဒကာချင်း၊ အပေါင်းအသင်း
ရင်းနှီးသူချင်းကလည်းသူ၏ ယုတ်မာကြောင်းကိုသိလျှင်
ချစ်ခင်နိူင် အားရနိူင်၊ ကြည်ညိုနိူင်ကြမည်မဟုတ်။

ထိုသို့ ရင်းနှီးသူများအထင်သေးမည်စိုးသောကြောင့်လည်း
မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ်မြင့်မြတ်အောင်
ပြင်ဆင်ထိုက်ကြပေသည်။

ထိုပြင် စိတ်ဆိုးစိတ်ယုတ်မာ ရှိနေသူသည်
ဒါနပြုပြု၊ သီလဆောက်တည်ဆောက်တည်၊
ဘာဝနာကမ္မဌာန်းစီးဖြန်းစီးဖြန်း မည်သည့်ကုသိုလ်
လုပ်ငန်း၌မဆို ရိုးသားဖြူစင်လိမ့်မည်ဟူ၍ မမှတ်ထင်ထိုက်။

ထိုစိတ်ရင်းမကောင်းသူ၏ ကုသိုလ်ကံများကား
အကျိုးပေး စင်စင်ကြယ်ကြယ်မရှိတတ်ချေ။
ဤသို့နောက်နောင်ဘဝအရေးဝယ် ပြုသမျှကုသိုလ်၏
အကျိုးပေးမစင်ကြယ်မည် စိုးသောကြောင့်လည်း
မိမိစိတ်ကို စင်ကြယ်အောင် ဖြူစင်ကောင်းမြတ်အောင်
ပြုပြင်ထိုက်ကြပေသည်။

ထို.ပြင် စိတ်ဆိုးစိတ်ယုတ်မာရှိနေသောသူသည်
ယခုတစ်ဘဝတာ ယုတ်မာမည်မဟုတ်၊
ဖြစ်တိုင်းဖြစ်တိုင်းသော စိတ်ယုတ်မာများက
တစ်သန္တာန်လုံး(တစ်ကိုယ်လုံး) ထုံမွှမ်းနေရကား
နောက်နောက်ဘဝပေါင်းများစွာသို့လည်း စိတ်ယုတ်မာ
အဆက်ဆက် ဓာတ်သတ္တိကူးစက်နေသောကြောင့်
ထိုသူကို ရင့်မာသော ပါရမီရှင်ဟု ဆိုဖို.ရန် ခဲယဉ်းလေသည်။

ထို့ကြောင့်မိမိကိုယ်ကို
ပါရမီရှင်များစာရင်းမပါဝင်မည်ကို
စိုးသောကြောင့်လည်း ယုတ်မာဆိုးရွားသော
စိတ်များကို အမြန်ဆုံးပြင်ထိုက်ကြသည်။

ဤသို့လျှင် မိမိ၏စိတ်နေစိတ်ထားကို
မကောင်းကောင်းအောင်ပြုပြင်သင့်သော
အကြောင်းအရာတွေ များစွာရှိပေသည်။

❝ မိလိန္ဒမင်း စိတ်ကိုပြုပြင်ပုံ ❞

မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ
အထိုက်အလျောက်မေးပြီးနောက် သာသနာတော်ဝယ်
လွန်စွာ အရေးကြီးသော ပြဿနာတို့ကို မေးရန်
အကြံဖြစ်လာသောအခါ ထိုပြဿနာတို.ကို
မမေးသေးပဲ ၇ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင်
ထိန်းသိမ်းစောင့်စည်းနေပုံမှာ သူတော်ကောင်းတို.
အတုယူစရာ ကောင်းလှပါသည်။

❝ စောင့်စည်းပုံကား ••• ❞

နံနက်စောစောအိပ်ယာကထပြီးလျှင်
ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ဝတ်ရိုးဝတ်စဉ် အဝတ်တနိဆာများကို မဝတ်တော့ပဲ

ဖန်ရည်ဆိုးသော အဝတ်ဝါကို
ဝတ်ဆင်လျှက် ဦးခေါင်းကိုလည်း ခေါင်းတုံးအသွင်
မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက်
(ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင်
မှတ်ထင်လောက်အောင် ကြံဆောင်ဝတ်ဆင်ပြီးနောက် ၈ပါးသောအချက်များကို ၇ရက်လုံးလုံး မပျက်ပြားအောင်
စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။

❝ ဤ၈-ပါးကား ••• ❞

၁။၇ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။

၂။ရာဂစိတ်ကိုမဖြစ်အောင် စောင့်စည်းမည်။

၃။ဒေါသစိတ်ကို မဖြစ်အောင်စောင့်စည်းမည်။

၄။မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။

၅။ကျေးတော်၊ ကျွန်တော်၊ အလုပ်သမား၊
အမှုတော်ထမ်းများအပေါ်၌သော်လည်းကောင်း
စိတ်ကိုနှိမ်ချ၍ မာန်မာန မဖြစ်အောင်စောင့်စည်းမည်။

၆။ကိုယ်မှု၊ နှုတ်မှုများ ထူးခြားစွာစောင့်စည်းမည်။

၇။မြင်ရ၊ ကြားရ၊ တွေ.ရ၊ သိရသမျှသော
အာရုံများအတွက် အကုသိုလ်မဖြစ်အောင်
မျက်စိ၊ နား၊စသောဣန္ဒြေများကို စောင့်စည်းမည်။

၈။အားလုံးသတ္တဝါတို.အပေါ်မှာ မေတ္တာစိတ်ထားမည်။

ဤရှစ်ပါးသော အချက်ကို ၇ရက်လုံး
စောင့်သုံးလျက် ၈ရက်မြောက်သောနေ့၏
နံနက်အခါဝယ် နံနက်စာစောစောစား၍
ဣန္ဒြေကြီးမားလှသော ရဟန်းတော်ကဲ့သို့
စက္ခုန္ဒြေချပြီးလျှင် စကားပြောဆင်ခြင်ကာ
အရှင်နာဂသိန်ထံသို. ကြည်လင်ရွှင်ပြ
အေးမြသော စိတ်ဓါတ်ဖြင့် ချဉ်းကပ်လျက်
လေးနက်စွာသော ပြဿနာများကို
မေးလျောက်လေသည်။

❝ အတုယူဖွယ် ❞

ဤမိလိန္ဒမင်းကြီး၏ ၇ရက်လုံးလုံး စိတ်ပြုပြင်ပုံကို
အတုယူလျက် သူတော်ကောင်းဘက်က
အထက်တန်းရောက်သော အမျိုးသားအမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ.တစ်ရက် တစ်နံနက်
စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော
အကုသိုလ်စိတ်များ မဖြစ်ကြရလေအောင်
မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။

ဤသို့စောင့်စည်းဖန်များလျှင်
အကုသိုလ်စိတ်အထူးနည်းပါးသော သူတော်စင်အဖြစ်သို့
တက်ရောက်၍ သဒ္ဓါထူး ပညာထူးပေါ်ပေါက်လာပါလိမ့်မည်။
ရက်ပေါင်းအတော်ကြာအောင် နဂိုဖြစ်တတ်သော
အကုသိုလ်စိတ်များလည်း မဖြစ်ပဲ ရှိပါလိမ့်မည်။

-ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
-ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
-သတ္တဝါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏
အလိုသို့လိုက်နေရသည်။(တရားတော်)

-ဓါတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ၊ ပုံတွင်ကျန၊
ရုပ်သွင်လှသို.၊မုချမှန်စွာ၊ သံသရာ၏၊ ကမ္ဘာရပ်ခွင်၊ဓါတ်အပြင်၌၊ စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍၊ ခေမမြို.နန်း၊ အရောက်လှမ်းဖို.၊ ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို၊ ပြင်ဆင်လေကွဲ.၊ နေ.စဉ်တဲ့။

【ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ】

✧ ဤကဲ့သို့ မဟာဂန္ဓာရုံဆရာတော်၏
သြဝါဒကထာများကို နေ့စဉ် မျှဝေပေးပါမည်။

※ စောင့်မျှော်လျှက် ဖတ်ရှု့ပူဇော်နိူင်ပါသည်။

► အများဖတ်ရှု့နိူင်ဖို့လည်း Share နိူင်ပါသည်။

❁ အပ္ပမာဒေန သမ္ပာဒေထ ✍
✵ ရွှင်လန်း ✵ ချမ်းမြေ့ ✵ ပါစေ ✵

Comments

Popular posts from this blog

လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ

English လို ဘုရားရှိခိုးနည်း

မဂ္ဂင် ရှစ်ပါး အဓိပ္ပါယ်..